by myitkyina.blog.com on January 17, 2013 ခယာဘွမ် KIA တပ်စခန်းကို ညနေ ၄ နာရီ ၁၅ မိနစ်တွင် Jet Fighter(၂)စီးက လာရောက်ပစ်ခတ်၊ ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ ယင်းလေယာဉ်(၂)စီးပစ်ခတ်မှုပြီးဆုံးသည်နှင့် ၄ နာရီ ၄၅ မိနစ်တွင် နောက်ထပ် Jet Fighter(၂)စီး ထပ်မံရောက်လာကာ ဗုံးကျဲး၊ ဒုံးဖြင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ တစ်ကြိမ်လာတိုင်း မိနစ် ၃၀ ခန့်ကြာ ပျံဝဲ၍ ပစ်ခတ်တိုက်ခိုက်မှုကို ပြုလုပ်လေ့ရှိသည်။
လေယာဉ်မှပစ်ခတ်ပြီးသည်နှင့် မြေပြင်ထိုးစစ်တိုက်ပွဲကို ၅ နာရီ ၁၅ မိနစ်မှစတင်ကာ တိုက်ပွဲပြင်းထန်လျက် ရှိသည်။
————-
နားလုံကျေးရွာကို မီးရှို့ဖျက်ဆီး
ဇန်န၀ါရီလ(၁၇)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ဒေါ့ဖုန်းယန်မြို့နယ်၊ နားလုံကျေးရွာ(ကချင်အပိုင်း)ကို မြန်မာအစိုးရတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။ နားလုံကချင်အပိုင်းကို မီးရှို့ခြင်းသည် အတူနေရှမ်းတိုင်းရင်းသား နှင့် ကချင်တိုင်းရင်းသားအကြား သွေးခွဲရန်တိုက်ပေးမှုဖြစ်သည်။
————
ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်အနီး ကားလမ်းပေါ်တွင် ဇန်န၀ါရီလ(၁၇)ရက်နေ့ ညနေ ၅ နာရီအချိန် ခန့်တွင် ဗုံး ၁ လုံးပေါက်ကွဲသဖြင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ဤကဲ့သို့ အရပ်သားများ နေ့စဉ်သွားလာနေသောအရပ်တွင် မိုင်းထောင်ခြင်းသည် KIA ကို အကြမ်းဖက်အဖွဲ့ အဖြင့် စွပ်စွဲရန် မြန်မာအစိုးရတပ်ဖွဲ့၏ အစီအမံများဖြစ်သည်ဟု ဗန်းမော်ဒေသခံများက ပြောဆိုလျက်ရှိသည်။ KIA တပ်ဖွဲ့ဝင်များသည် ယခုအချိန်၌ ဗန်းမော်မြို့တွင်းသို့ဝင်ရောက်ရန် မဖြစ်နိုင်သကဲ့သို့ နေ့ခင်းဘက် မိုင်းပေါက်ကွဲခြင်းသည်မှာလည်း နယ်ခံမြန်မာအစိုးရတပ်ဖွဲ့များ၏ လက်ချက်သာဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။
ဗုံးပေါက်ကွဲရာအနီးတွင် မြန်မာအစိုးရစစ်တပ်ရင်းများ တည်ရှိသည်။ ယခုအချိန်တွင် စစ်တပ်ကိုအားပေး အားမြောက်ပေးနေသူအစုအဖွဲ့သည် KIA ကို သိက္ခာချသည့်အစီအစဉ်အမျိုးမျိုး ပြုလုပ်နေလျက်ရှိသည်။
—————
ဇန်န၀ါရီလ(၁၇)ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ၀ိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာကို မြန်မာအစိုးရ တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။ နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ် ကြဂုတ်လ မှစတင်ကာ မြန်မာအစိုးရတပ်ဖွဲ့မှ ကြိုက်သလိုထင်တိုင်းကြဲခံနေရသော ကျေးရွာဖြစ်သည်။ လွန်ခဲ့သည့်ကာလ တွင် ဈေးဆိုင်တန်းများ၊ တည်းခိုးရိပ်သာများ၊ ထမင်းဆိုင်များ အစီအရီတည်ရှိကာ မြစ်ကြီးနား-ဗန်းမော် သွားခရီးသည်များ ခရီးတစ်ထောက်နားလေ့ရှိသည့် ကျေးရွာဖြစ်သည်။ မြန်မာအစိုးရတပ်များ စစ်ကြောင်း ၀င်ရောက်လာကာ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဈေးဆိုင်များမှပစ္စည်းများ အဓ္ဓမယူဆောင်ခြင်း၊ နေအိမ်များကိုမီးရှို့ခြင်း အကြိမ်ကြိမ်ခံခဲ့ရသောကျေးရွာဖြစ်သည်။ ယနေ့မီးရှို့ခံရခြင်းဖြင့် လူနေအိမ်အားလုံး ကုန်ဆုံးသွားဖွယ်ရှိကြောင်း သိရှိရသည်။
———
၁၀၅ မမ ဟော်ဝင်ဇာလက်နက် တည်ရာပြောင်းရွှေ့
ဒေါ့ဖုန်းယန်မြို့၊ ခန်းကိုင်တောင်အခြေစိုက် အမြောက်တပ်ရင်းတွင်ထားရှိသော ၁၀၅ မမ အမြောက် ၂ လက် ဖြင့် KIA တပ်စခန်းတည်ရာဖက်သို့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ပစ်ခတ်ရာတွင် လိုင်ဇာမြို့ ကို ကျော်၍ တရုတ်နိုင်ငံဘက်သို့ အကြိမ်ကြိမ်ကျရောက်ပေါက်ကွဲမှုများဖြစ်ခဲ့ရသည်။ ဤသို့မှားယွင်းပစ်ခတ် (တမင်ရည်ရွယ်၍ ပစ်ခတ်သည်လည်းဖြစ်နိုင်သည်)မှုကြောင့် တရုတ်အစိုးရ၏ တင်းမာစွာသတိပေးခံခဲ့ရသည်။ ဇန်န၀ါရီလ(၁၅)ရက်နေ့တွင်လည်း တရုတ်ဘက်ခြမ်း နားဘမ်း(Na bang)မြို့အစပ်တွင် ထပ်မံကျရောက် ပေါက်ကွဲခဲ့သေးသည်။
၎င်းအပြင် အစိုးရတပ်ဖွဲ့များ ဇန်န၀ါရီလ(၁၃)ရက်မှစတင်ကာ ခယာဘွမ် KIA တပ်စခန်းအား ထိုးစစ်ဆင်ရာ အထိအခိုက်အကျအဆုံး များပြားလျက်ရှိသည်။ ခယာဘွမ် (Hka ya bum)သို့ ခန်းကိုင်တောင်မှ ၁၀၅ မမ ပစ်ခတ်ရာတွင် ထိရောက်မှုမရှိသဖြင့် ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် ခန်းကိုင်တောင်ရှိ ၁၀၅ မမ အမြောက်(၁)လက်ကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ကာ နားလုံကျေးရွာအနီးရှိ တွမ်မဂင့်(Tum Magyeng)ကျေးရွာသို့ ရွှေ့ပြောင်းနေ ကြောင်း သိရှိရသည်။ ထိုသို့လက်နက်ကြီး အရွှေ့အပြောင်းလုပ်နေရသဖြင့် ယနေ့ လက်နက်ကြီးပစ်ခတ်မှု ရပ်နားထားကြသည်။ တွမ်မဂင့်(Tum Magyeng)ကျေးရွာတွင် လက်နက်ကြီးတပ်ဆင်ပြီးပါက မနက်ဖန်မှစ၍ မန်မော် နှင့် ခန်းကိုင်တောင်ရှိ ၁၀၅ မမ (၂)လက် ဖြင့် ခယာဘွမ်သို့ လက်နက်ကြီး ဒလစပ်ပစ်ခတ်လာနိုင်ဖွယ်ရှိသည်။
