မတ်လ ၁၇ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသတစ်နေရာတွင် ယမန်နေ့အစောပိုင်းက နယ်ခြားစောင့်တပ် (BGF)အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်က တပ်ခွဲမှူးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ မနက် ၄နာရီခန့်တွင် မြိုင်ကြီးငူအထူးဒေသရှိ ရင်းပိုင်းတံတား(ယော်ပိုတို)နေရာတွင် BGF တပ်ရင်း(၁၀၁၁)တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးတင်ညွှန့် စီးနင်းလာသည့် ကားတစ်စီးကို BGF တပ်ရင်း(၁၀၁၂)မှ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု BGF နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ၎င်းက “၁၆ရက်နေ့ မနက် ၄နာရီခွဲလောက်မှာ ဗိုလ်တင်ညွှန့်နဲ့ သူ့ညီ နှစ်ယောက် မြိုင်ကြီးငူကနေ ရေတံခွန်ကို သွားဖို့ ရင်းပိုင်းတံတားအ ရောက်မှာ (၁၀၁၂)တပ်ရင်းက ဗိုလ်ဒေါဘိုးရဲ့လူတွေ စနိုက်ပါနဲ့ ပစ်ထည့်လိုက်တော့ ဗိုလ်တင်ညွှန့် [...]
